နှုန်းချိချိနဲ့ အားမရှိသလို ဖြစ်နေတာ စိတ်ရောဂါကြောင့်များလား
စိတ်နဲ့ခန္ဓာဆိုတာ အပြန်အလှန် ဆက်နွယ်နေတဲ့ ယန္တရားတွေပါပဲ။ စိတ်မှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ခံစားနေရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်သလို အပြန်အလှန်အားဖြင့် သက်ရောက်နိုင်ပါတယ်။ ဒီအတွက် လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခံစားနေရတဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့အခါ၊ စိတ်ဖိစီးမှု များလွန်းနေတဲ့အခါ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ပြဿနာတွေ အများကြီး ကြုံလာရနိုင်ပါတယ်။ ဒီပြဿနာတွေထဲမှာ ပါဝင်နေတာတွေကတော့
၁။ အားမရှိသလိုဖြစ်ခြင်း
ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေသူတွေအားလုံးနီးပါးမှာ မကြာခဏ ဖြစ်တတ်တဲ့ ရုပ်လက္ခဏာတစ်ခုပါပဲ။ စိတ်မှာ အားနည်းနေတဲ့အခါ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ပုံမှန်ထက် ဖိအားပိုဖြစ်စေပြီး ကိုယ့်ပြဿနာကို အာရုံပိုစိုက်စေတဲ့အတွက် ကြွက်သားတွေနဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပိုအသုံးပြုရပါတယ်။ ဒီအတွက် စိတ်အားနည်းတဲ့အခါ ခန္ဓာကိုယ်ကလည်း လိုက်ပါအားနည်းလာတာပဲ ဖြစ်ပါတယ်။
၂။ နှလုံးအားနည်းလာခြင်း
လူတစ်ယောက်ငိုပြီဆိုရင် နှလုံးခုန်သံမြန်လို့ မောဟိုက်လာတာ သတိထားမိကြမှာပါ။ ခဏလေးငိုတာတောင် ကိုယ့်နှလုံးအတွက် ဒီလောက်ရိုက်ခတ်စေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကို ကာလရှည်ကြာအောင် ခံစားနေရသူတွေမှာ နှလုံးရဲ့ လုပ်ဆောင်အားတွေ ကျဆင်းပြီး အားနည်းလာမှာ အသေအချာပါပဲ။ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပြဿနာတွေထဲမှာ နှလုံးခုန်နှုန်း မြန်လာခြင်း၊ ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူမဝခြင်း၊ သွေးစီးဆင်းမှု ကမောက်ကမဖြစ်ခြင်း၊ နှလုံးသွေးကြောကျဉ်းလာခြင်း၊ သွေးဖိအားများလာခြင်း စတာတွေ ပါဝင်ပါတယ်။
၃။ မူးဝေလာခြင်း
စိတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ ဦးနှောက်ကို ဖိအားသက်ရောက်မှုများလာတဲ့အခါ အကျိုးဆက်အနေနဲ့ ခေါင်းမူးပြီး ရီဝေဝေ ဖြစ်လာတာ၊ အန်ချင်လာတာ၊ သတိလစ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာနိုင်ပါတယ်။
၄။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
အပေါ်မှာ ပြောထားခဲ့သလိုပါပဲ၊ စိတ်ခံစားချက်ပြဿနာတွေကြောင့် ကြွက်သားတွေကို ဖိအားဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကြွက်သားကို နာကျင်ကိုက်ခဲလာစေမှာပါ။ မကြာခဏဆိုသလို စိတ်ဖိစီးမှုဒဏ်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ကျဆင်းပြီး ကြွက်သားအတွင်း ဒဏ်ဖြစ်စေကာ ကြွက်သားတင်မကဘဲ အရိုးအဆစ်တွေကိုပါ နာကျင်လာစေနိုင်ပါတယ်။
၅။ အစာခြေစနစ်မှာ ပြဿနာဖြစ်လာခြင်း
စိတ်ကြောင့် လူတွေဟာ အစာစားချင်စိတ် နည်းလာတာ၊ အစာကောင်းကောင်း မစားနိုင်တော့တာ၊ စားလိုက်တဲ့အစားအစာတွေကို အစာအိမ်ကနေ ချေဖျက်နိုင်စွမ်း အားနည်းလာတာ၊ လေပွလေအောင့်ဖြစ်တာ၊ ဝမ်းပုံမှန်မသွားနိုင်တော့တာ၊ ရင်ပူတာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ တချို့အစားအစာတွေကို ခန္ဓာကိုယ်ကနေ လက်ခံနိုင်စွမ်းမရှိတော့တာ စတဲ့ အစာခြေစနစ်ဆက်စပ် ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။
၆။ အာရုံကြောစနစ်များ အားနည်းလာခြင်း
စိတ်ကြောင့် ဦးနှောက်က လိုတာထက်ပိုပြီး အလုပ်ပိုလုပ်ရတဲ့အတွက် အာရုံကြောစနစ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းပြီး ပင်ပန်းလာပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်အတိုင်းဖြစ်စေဖို့ ဦးနှောက်က အဓိကလုပ်ပေးရတာဖြစ်ပြီး လိုအပ်တဲ့ Signal တွေ ပို့ဆောင်ပေးဖို့ နှောင့်နှေးလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ညစ်စေတဲ့ ပြဿနာတွေရှိနေရင် ဒီပြဿနာတွေကို အရင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ဆိုရတာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို မျိုသိပ်ရင်း ပြဿနာတွေ ပိုဆိုးလာတဲ့အခါ ယာယီကနေ နာတာရှည်အဆင့်ကို ပြောင်းလဲသွားပြီး ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာမှာ ကျန်းမာရေးပြဿနာတွေ အမျိုးမျိုးဖြစ်လာနိုင်တဲ့အတွက် ဒါကို သတိထားသင့်ပါတယ်။
ရဲမျိုးမြတ်